CDMA ( Code Division Multiple Access ) ရဲ. သမိုင်းကြောင်း


Unknown | 1:56 PM |

ဒီနည်းပညာ ဘယ်လိုပေါ်ပေါက်လာခဲ့ပါသလဲ၊ ဒီမေးခွန်းနောက်ကွယ်မှာ စိတ်ဝင်စားစရာ သမိုင်းကြောင်းလေးတစ်ခု ရှိနေပါတယ်။
 
ပုံထဲက အမျိုးသမီးက Hedy Lamarr ဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကြီးဝန်းကျင်က အလွန်နံမည်ကျော်ကြားတဲ့ ဟောလိဝုဒ် မင်းသမီးတစ်ဦးပါ၊ နောက် အမျိုးသားတစ်ယောက်က George Antheil ဖြစ်ပြီး စစ်ကြိုခေတ်က ဂီတနဲ့ပါတ်သက်လို့ instrumental, mechnical ပိုင်းဆိုင်ရာတွေမှာ ဆန်းသစ်တီထွင်မှုတွေ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒီချောမောလှပတဲ့ မင်းသမီးတစ်ယောက်နဲ့ ဂီတဆိုင်ရာတီထွင်သူ တစ်ဦးတို့ ပူးပေါင်းပြီး CDMA နည်းပညာရဲ့ Basic Concept ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက စတင်ခဲ့တယ်လို့ပြောရင် ယုံနိုင်စရာ မရှိပါဘူး၊ ဒါပေမယ့် ဒီပုံပြင်ဟာ တကယ့်ကို ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

ဒီပုံပြင်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းကတော့ ငယ်ရွယ်လှပပြီး ညဏ်ပညာထက်မြက်တဲ့ အမျိုးသမီးငယ်လေးတစ်ဦးဆီမှာ အစပြုပါတယ်၊ သူမဟာ ၂၁ ရာစုမှာ ထိတ်တန်းရောက်လာမဲ့ နည်းပညာတစ်ခုရဲ့ လမ်းစကို ဘယ်လိုဖေါ်ဆောင်ခဲ့ပါသလဲ?။

၁) ဟောလိဝုဒ်သို့သွားရာလမ်း.. Lamarr
ဒီနေ့ Lamarr ဟာ Florida ရဲ့ဆိတ်ငြိမ်တဲ့နေရာမှာ နေထိုင်နေဆဲပါပဲ၊
သူမကို ၁၉၁၃ မှာ Vienna မှာ မွေးဖွားခဲ့ပါတယ်၊ စစ်ကြီးမတိုင်ခင်လေးမှာပဲ Louis B. Mayer နဲ့ Otto Preminger တို့ရဲ့ဖိတ်ခေါ်မှုနဲ့ MGM ကုပ္မဏီမှာ အလုပ်လုပ်ဖို့ ဟောလိဝုဒ်ကိုရောက်လာခဲ့ပါတယ်၊ စစ်ကြီးအတွင်းက သူမဟာ အောင်မြင်တဲ့ မင်းသမီးတစ်ဦး ဖြစ်ပြီး “The most beautiful girl in the world” လို့ကျော်ကြားထင်ရှား ခဲ့ပါတယ်၊ ထူးခြားတဲ့ကိုယ်ရည်သွေးရှိသူတစ်ဦး ဖြစ်ပြီး သရုပ်ဆောင် အလုပ်သာမက Abstract Painting, ဒီဇိုင်းပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှု စတာတွေကိုပါ လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်၊ သူမကို ချောမောလှပသူတစ်ဦး ဖြစ်တဲ့အတွက် ညဏ်ပညာရှိမှာ မဟုတ်ဖူးလို့ အများက ထင်ကြပါတယ်၊ ဒါပေမယ့် တကယ်တန်းတော့ Lamarr ဟာ ညဏ်ပညာထက်မြက်သူတစ်ဦးဖြစ်ပြီး ကိုယ့်ကိုကိုယ်လဲ ထိမ်းချူပ်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်၊ ဘဝတသက်တာမှာ ၆ ကြိမ်တိုင်တိုင် လက်ထပ်ခဲ့ပြီး တကယ်တန်းတော့ သူမရဲ့ ငွေရောင်ပိတ်ကားပြင် နောက်ကဘဝဟာ သူမရဲ့ ရုပ်ရှင်တွေထက်တောင် ပိုပြီးဆန်းပြားလို့နေပါတယ်။

၂) နည်းပညာနှင့်စစ်
စစ်ကြီးမတိုင်ခင်က Fritz Mandl ဟာ ဥရောပရဲ့ အကြီးဆုံးလက်နတ်ထုတ်လုပ်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်၊ ပထမတော့ သူဟာ သြစတေလျ စစ်တပ်အတွက် အဓိကစစ်လက်နတ်ပန့်ပိုးသူပါပဲ၊ နောက်တော့ ဟန်ဂေရီကို လက်နတ်ရောင်းတဲ့ ကိစ္စနဲ့ပါတ်သက်ပြီး သြစတေလျနဲ့ မကျေမလယ်ဖြစ်ကာ နှုတ်ထွက်ခဲ့ရပါတယ်၊ နောက်ပိုင်းမှာတော့ ဟစ်တလာနဲ့ဆက်သွယ်ပြီး နာဇီတွေအတွက် စစ်လက်နတ်နဲ့နည်းပညာရောင်းချသူ ဖြစ်လာပါတော့တယ်။

Mandl ဟာ Lamarr နဲ့ ၁၉၃၃ မှာလက်ထပ်ခဲ့ပါတယ်၊ ဒါပေမယ့်ပျော်ရွှင်စရာ အိမ်ထောင်ရေးတော့ ဖြစ်မလာခဲ့ပါဘူး၊ Mandl ဟာ ဆတ်ဆတ်ထိမခံသူတစ်ဦးဖြစ်ပြီး Lamarr ကို ကျွန်တစ်ယောက်သာသာပဲ သဘောထားခဲ့ပါတယ်၊ အများအမြင်မှာ Lamarr ကို သြစတေလျ ရေပေါ်ဆီအသိုင်းအဝိုင်းမှာ အလှပြစရာ အရုပ်လေးလိုပဲ ဆက်ဆံခဲ့ပါတယ်။

ဒီအချိန်မှာပဲ နာဇီတို့ဟာ အင်အားကြီးထွားလာခဲ့ပါပြီ၊ Mandl ဟာ လက်နက်ကို ထိမ်းချုပ်နိုင်တဲ့နည်းပညာတစ်ခုကို သုတေသန လုပ်နေခဲ့ပါတယ်၊ ရေငုတ်သင်္ဘောတွေမှာ သုံးတဲ့ တော်ပီဒိုတွေကို အဝေးကနေ လိုသလိုဆက်သွယ်ထိမ်းချုပ်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ၊ တော်ပီဒိုတွေကို ပစ်ခတ်တဲ့အခါ ရေငုတ်သင်္ဘော ကနေ ထိမ်းချုပ်ရာမှာ အစကသုံးခဲ့တဲ့ ဝါယာနဲ့ဆက်သွယ်တာထက် ဝါယာလက်စ်နည်းပညာက ပိုကောင်းမယ်လို့ ယူဆပြီး စတင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် ရေဒီယိုဝေ့ဗ် တွေရဲ့အဓိကအားနည်းချက်က လုံခြုံမှုမရှိတာပါပဲ၊ ကြားဖြတ်ဖမ်းယူ (Interception) လုပ်နိုင်သလို နှောက်ယှက် (Jamming) နိုင်ပါတယ်၊ ဒီပြသာနာကို ဖြေရှင်းဖို့နည်းလမ်းကတော့ ပို့မဲ့သတင်းအချက်အလက်ကို Transmitter နဲ့ Receiver တွေကြား Frequencies အမျိုးမျိုးနဲ့ random ပြောင်းပြီးပို့ဖို့ပါပဲ၊ Frequency channel တစ်ခုမှာပေးပို့တဲ့ အချိန်ကလဲ အလွန်တိုတောင်းတာကြောင့် ကြားဖြတ်ဖမ်းယူခဲ့ရင်လဲ အလွန်တိုတောင်းတဲ့ မပြည့်စုံတဲ့အချက်အလက် ကိုပဲရရှိမှာ ဖြစ်ပါတယ်။

Lamarr ဟာ Mandl ရဲ့ ပွဲတက်ဇနီးတစ်ယောက် အနေနဲ့ သူ့ရဲ့ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ရပါတယ်၊ သူမဟာ နည်းပညာပိုင်းတွေကို နားမလည်ပေမယ့် သူမကြားသိခဲ့တာတွေကိုတော့ အတိအကျ မှတ်သားနိုင်စွမ်းရှိခဲ့ပါတယ်။
၁၉၃၇ မှာတော့ Lamarr ဟာ သူမရဲ့ခင်ပွန်းကို ဆေးခပ်ပြီး Hollywood ကိုထွက်ပြေးရောက်ရှိလာတယ်လို့ ဆိုကြပါတယ်၊ တခဏချင်းမှာပဲ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လာပါတယ်။

၃) Player Piano သို့မဟုတ် Gorge Antheil
Gorge Antheil ဟာ ၁၉၂၀ ဝန်းကျင်မှာ တေးရေးသူ၊ ဂီတနဲ့ပါတ်သက်ပြီး တီထွင်ဖန်တီးမှုတွေ ပြုလုပ်ပြီး နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပါတယ်၊ သူဟာ Mechnical Music လို့ခေါ်တဲ့ စက်ပစ္စည်းတွေနဲ့ ဂီတဖန်တီးရာမှာ စွန့်ဦးတီထွင်သူတွေအထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်၊ သူရဲ့တီထွင်မှုတစ်ခုကတော့ Player Piano ဖြစ်ပြီး စန္ဒရားတစ်လုံးကို သတ်မှတ်ထားတဲ့ တေးဂီတနုတ်စ်တွေ အလိုအလျောက်တီးနိုင်အောင် ဖန်တီးထားတဲ့ စက်တစ်လုံးဖြစ်ပါတယ်၊ သူရဲ့သွင်ပြင်ဟာ ဖေါ်ရွေနှစ်လိုဖွယ်ကောင်းပြီး အမျိုးသမီးများကို စွဲဆောင်နိုင်သူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၃၀ လောက်မှာ Antheil ဟာ ဥရောပမှာ ရောက်ရှိနေခဲ့ပြီး သူ့ရဲ့တီထွင်မှုများကြောင့် ထင်ရှားသူတစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်၊ ဥရောပမှာ စစ်မီးကြီးလောင်မြှိုက်လာတဲ့အခါ ဟစ်တာလာရဲ့ ဥရောပအနုပညာပစ္စည်းတွေပေါ်မှာ ထာားတဲ့သဘောထားကို မကြိုက်နှစ်သက်တဲ့အတွက် U.S ကို ပြောင်းရွှေ့ခဲ့ပါတယ်။

၎) The Birth of CDMA
Lamarr နဲ့ Antheil တို့ဟာ Hollywood ရဲ့ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့ပြီး မိတ်ဆွေများဖြစ်လာခဲ့ပါတယ်၊ ဒီနာဇီ ဆန့်ကျင်လိုသူနှစ်ဦးရဲ့တွေ့ဆုံမှုဟာ ၂၁ ရာစုရဲ့ အောင်မြင်တဲ့နည်းပညာတစ်ခုကို မွေးဖွားစေခဲ့ပါတယ်၊ Lamarr ဟာ Anethil ကို နာဇီတွေရဲ့ တော်ပီဒိုထိမ်းကျောင်းမှုမှာ အသုံးပြုတဲ့ ကြားဖြတ်ဖမ်းယူလို့ မရနိုင်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးနည်းပညာ အကြောင်းကို ပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်၊ ဒီနည်းပညာရဲ့ အဓိက ပြသာနာကတော့ Frequency Band အများကို ပြောင်းလဲပေးပို့တဲ့အခါ Transmitter , Receiver ကြားမှာ တူညီတဲ့ frequency ကို အမြဲတမ်း ပြောင်းလဲပြီး ဖမ်းယူနိုင်အောင် ဘယ်လိုချိန်ကိုက် (Synchronize) လုပ်မလဲ ဆိုတာပါပဲ။

Antheil ဟာ Sound Frequency တွေကို Synchronization လုပ်တဲ့နေရာမှာ အတွေ့အကြုံရှိပြီး ဖြစ်ပါတယ်၊ သူရဲ့ Piano Player စက်မှာ Paper Rool တစ်ခုကို အသုံးပြုပြီး တေးသွားတွေကို တီးခတ်စေခဲ့တာပါ၊ Paper Roll , Paper Tape ဆိုတာကတော့ စက္ကူလိပ်တစ်ခုကို အပေါက်လေးတွေဖေါက်ပြီး စာသား၊ သင်္ကေတတွေကို မှတ်သားထားတာပါပဲ၊ ဖေါက်စက် (Punch Machine) နဲ့ အချက်အလက်သွင်းယူပြီး (Coding) ဖတ်တဲ့စက်နဲ့ မူရင်းအချက်အလက်ကို ပြန်ဖတ်ယူ (Decoding) လုပ်ယူနိုင်ပါတယ်၊ (ဒီ paper tape မှာ data အသွင်းအထုတ်လုပ်တဲ့နည်းကို နောက်ပိုင်းမှာ ကွန်ပျူတာတွေမှာ Program ရေးသားခြင်း Program ကို run ခြင်းတွေအတွက်လဲ သုံးခဲ့ကြပါသေးတယ်၊ သိမှီခဲ့သူတွေရှိမှာပါ)။ တူညီတဲ့ code pattern တွေ ဖေါက်ထားတဲ့ paper roll နှစ်ခုကို တပြိုင်ထဲ စက်နှစ်လုံးမှာ လည်ပါတ်စေပြီး Transmitter, Receiver တစ်လုံးစီနဲ့ ချိတ်ဆက်ကာ မတူညီတဲ့ frequency အမျိုးမျိုးကို ချိန်ကိုက်ပြောင်းလဲ ဆက်သွယ်နိုင်အောင် ဒီဇိုင်းလုပ်ယူနိုင်ကြပါတယ်၊ ဒါဟာ ဒီနေ့ခေတ် FH-CDMA လို့ခေါ်တဲ့ Frequency Hopping CDMA ရဲ့ အခြေခံ ပါပဲ၊ တီထွင်သူနှစ်ဦးဟာ စန္ဒယားမှာပါတဲ့ ခလုတ်တွေအတိုင်း 8 x 8 keys matrix နဲ့ Frequency အမျိုးမျိုးကို ပြောင်းလဲနိုင်အောင် တီထွင်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ စစ်ကြီးအတွက် တစ်ခုခု အထောက်အကူပေးဖို့ ရည်ရွယ်ခဲ့ကြပါတယ်၊ သူတို့ရဲ့တီထွင်မှုကို National Inventors Council ကိုပေးပို့ခဲ့ကြပါတယ်၊ Council ရဲ့ Director လဲဖြစ်ပြီး General Motor ရဲ့ Director တစ်ဦးလဲဖြစ်သူက တိုက်တွန်းမှုကြောင့် သူတို့ရဲ့ တီထွင်မှုကို မှတ်ပုံတင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊ ၁၉၄၁ သြဂုတ်လ ၁၁ ရက်မှာ Lamarr နဲ့ Antheil ဟာ သူတို့ရဲ့ တီထွင်မှုဖြစ်တဲ့ လျှို့ဝှက်ဆက်သွယ်ရေးစံနစ် (Secrect Communication System ) အတွက် မူပိုင်ခွင့်အမှတ် 2,292,387 နဲ့ အသိမှတ်ပြု ရရှိခဲ့ပါတယ်။ သူတို့ဟာ မူပိုင်ခွင့်ကို အကျိုးအမြတ်ရရှိအောင် ဆောင်ရွက်ဖို့ထက် အစိုးရကိုသာ တိုးတက်အောင်ဆောင်ရွက်ဖို့ အပ်နှံခဲ့ပါတယ်၊ (တကယ်တန်းတော့ Antheil ဟာ အဲဒီအချိန်မှာ တခြားလူတွေလိုပဲ ခေတ်ကာလအရ ငွေရေးကြေးရေးအခက်အခဲနဲ့ ရုံးကန်နေရသူ တစ်ဦးပါ)။

Lamarr နှင့် Antheil တို့၏ မူပိုင်ခွင့်မှတ်တမ်း
ဒါပေမယ့် ကံမကောင်းစွာပဲ ရေတပ်ဟာ ဘာကြောင့်မှန်းမသိ ဒီဆက်သွယ်ရေးစံနစ်ကို အသုံးချ စမ်းသပ်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့ပါတော့တယ်၊နည်းပညာ ဆန်းစစ်သူတွေဟာ ဒီ paper roll ဟာ တကယ်ခံနိုင်ရည်ရှိမရှိ၊ paper ကှိုဆွဲတဲ့မော်တာတွေဟာ တိတိကျကျ လည်ပါတ်နိုင်၊ မနိုင် တကယ်စက်ပစ္စည်းမှာ တပ်ဆင်လို့ရအောင် လုပ်နိုင်၊မလုပ်နိုင် စတဲ့မေးခွန်းပေါင်းများစွာကို မေးမြန်းခဲ့ပါတယ်၊ အချူပ်ပြောရရင် ဒီစံစနစ်ဟာ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းမှာ တကြိမ်တစ်ခါမှ အသုံးချခြင်းမခံရပဲ ချောင်ထိုးထားခံခဲ့ရပါတယ်။

စစ်ကြီးပြီးသွားပြီးနောက်အတော်ကြာထိလဲ သူတို့ရဲ့တီထွင်မှုကို မထုတ်ဖေါ်နိုင်ခဲ့ပါဖူး၊ Antheil ဟာ ၅၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ့နည်းပညာရဲ့ အကျိုးဆက်တွေကို မြင်မသွားရရှာခဲ့ပါဖူး၊ ဒီအချိန်မှာ Electronics Technology ဟာ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်၊ မှတ်တမ်းတင်ဂုဏ်ပြုခြင်းမခံခဲ့ရတဲ့ ဒီနည်းပညာဟာ မေ့လျော့ခြင်းတော့ မခံခဲ့ရပါဘူး၊ ၁၉၅၀ မှာ Sylvania Electronic Systems Division က အင်ဂျင်နီယာတွေဟာ ဒီမူပိုင်ခွင့်က အချက်အလက်တွေကို ပြန်လည်လေ့လာပြီး ပိုဆန်းသစ်ကောင်းမွန်တဲ့ နည်းပညာကို ဖေါ်ထုတ်ခဲ့ပါတယ်၊ မူရင်းစံနစ်က paper roll အစား digital စံနစ်ကို အသုံးပြုခဲ့ပါတယ်၊ ၁၉၆၂ ကျူးဘားအရေးအခင်းမှာ ဒီ Secure Communication System ကို စစ်တပ်လုံခြုံရေးဆက်သွယ်မှုများအတွက် အသုံးပြုခဲ့ပါတယ်။

ဒီအချိန်ကစပြီး CDMA ဟာ စစ်သုံးဆက်သွယ်ရေး စံနစ်တစ်ခု ဖြစ်လာပါတယ်၊ ၁၉၈၀ မှာ US အစိုးရဟာ CDMA ကို ကန့်သတ်ချက်များ ဖယ်ရှားလိုက်ပြီး အများပြည်သူသုံးအတွက် စတင်ခွင့်ပြုခဲ့ပါတယ်၊ ဒီအချိန်ကစပြီး CDMA ဟာ ခေတ်သစ် ဆက်သွယ်ရေးနည်းပညာမှာ ခေတ်တစ်ခေတ်ကို ဖြစ်စေခဲ့ပါတယ်၊ Lamarr ဟာ သူရဲ့တီထွင်မှုဟာ လူတွေအတွက် အကျိုးပြုတယ်ဆိုတာ သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။

အနှစ် ၇၀ ကြာပြီးနောက် ဒါဟာ ရွှေရောင်ပိတ်ကားပြင်ထက်က စူပါစတားတစ်ဦးနဲ့ ဆန်းသစ်တီထွင်တဲ့ တေးရေးဆရာတစ်ဦးတို့ဟာ ဒီနေ့ ဆက်သွယ်ရေးစံနစ်ရဲ့မျက်နှာစာက နည်းပညာ တစ်ခုကို ဘယ်လိုတီထွင်ခဲ့ကြတယ်ဆိုတဲ့ ဖြစ်ရပ်မှန် ပုံပြင်တစ်ပုဒ် ဖြစ်ပါတယ်။


အမှားပါရင် ခွင်.လွှတ်ပါ။
blog တင်ဖို. မရဲသေးလို. ဖတ်ထားတာလေ Share ပေးတာပါ